24.06.09

စတာလင်ရဲ့ ကြက်တွေ

စတာလင်ရဲ့ ကြက်တွေ

အတွေးထဲမှာ ခုတလော တရိတ္ဆန်တွေ တကောင်ပြီး တကောင် စိုးမိုးနေတယ်။ ဒီလိုဆိုလို့ကိုယ့်ကို တရိတ္ဆန်တွေကို ချစ်တတ်မယ်ထင်ရင် လုံးလုံးမှားပါတယ်။ခွေးတို့ ကြောင်တို့ ဆို အနားကပ် မခံသလို ငှက်တွေ ခိုတွေကိုလည်း မချစ်တတ်ပါဘူး။ သူတို့ကိုလှောင်အိမ်နဲ့ မွေးထားတဲ့သူကိုလည်း နေရင်း ထိုင်ရင်း ကြည့်မရပါဘူး။ ဘယ့်နှယ် သူ့ ဖာသာ ကောင်းကင်ကျယ်ကြီးထဲ ပျော်သလိုနေပါစေ။

ဒီလိုပါပဲ ကြက်တူရွေးကို လူစကား သင်ပေး နေကြတာကိုလည်း မုန်းပါတယ်။ ဘယ့်နှယ် ငှက်တွေက ဘာသာစကားအသစ်ရဲ့ ဒုက္ခကို မလိုအပ်ပဲ ရင်ဆိုင်ရတယ်လို့ ။ ပြီးတော့ နားဝင်ချိုတဲ့ စကားတွေပဲ တမင် ရွေး သင်တာမို့ လုံးဝ သဘာဝကို ဆန့် ကျင်တယ်။

ဟဲဟဲဟဲ ကောင်းတယ်။ တချို့ လူတွေ လူရှေ့ ကျ ယဉ်ယဉ်ကျေးကျေး ပြောတတ်တယ်လေ။ လူကွယ်ရာကျ ရိုင်းလိုက်တာ။ အဲ့ဒါ သူမွေးထားတဲ့ ကြက်တူရွေးက မသင်ရပဲတတ်နေပြီး ဧည့်သည်လာရင် မင်္ဂလာပါလို့ နုတ်ဆက်ပေမဲ့ အပြန်ကျတော့အဆဲလေးနဲ့ ငါကိုင်တုတ်ပါရော။ သူ့ သခင်လည်း အရှက်ကွဲရော။ ကောင်းတယ်။

လူတွေက အသင်းအပင်းဖွဲ့ လို့ ဝါဒတွေ အချင်းချင်းဖြန့် လို့ မ၀ကြဘူး။ ကြက်တူရွေးကိုပါ လိုက်ပြီး ဒုက္ခပေးကြတယ်။ အဲ့ဒီလိုသင်းပင်းဖွဲ့ ချင်တဲ့သူကတော့ ခုလို ကြက်တူရွေးနဲ့ တွေ့ မှ အေးရော။

ခု စဉ်းစား မိတာက ကြက်တူရွေး မဟုတ်ဘူး။ ကြက်တွေပဲ။ တောကြက် ရေကြက် ရစ်ကြက် အိမ်မွေးကြက် အသားစား ဥစား အမေရိကန်ကြက် ဗမာကြက်အမျိုးမျိုးရှိတယ်။ တခြားဘာကြက်တွေရှိသေးလဲတော့မသိဘူး။ ကိုယ့် အတွေးထဲ ရောက်နေတာ စတာလင်ရဲ့ကြက်ပဲ။

စတာလင်ရဲ့ ကြက်ကို ကိုးတန်း ဆယ်တန်း လောက်ကထင်တယ် ပထမဆုံးကြားဖူးတာ။သူ့ပုံနဲ့ သူ့ ဟောပြောချက်တွေလည်း Time လား Newsweek လားတော့မသိဘူး။ အဖေ က ပြလို့ မြင်ဖူးခဲ့တယ်။ စတာလင် ကိုယ်တိုင်ကတော့ ၁၉၂၉ လောက်က သူ့ ရဲ့ကြက်ဇာတ်လမ်းကို တခန်းရပ် ဇာတ်အနေနဲ့ သရုပ်ပြတင်ဆက်ခဲ့တာဆိုပါတယ်။ နေ့ စွဲအတိအကျတော့ကိုယ်က သေချာမသိပါဘူး။


စတာလင်ရဲ့ ကြက်ကပဲ မျိုးပွားကောင်းလို့ လားသူ့ ဇာတ်လမ်းကိုပဲ လူကြိုက်များလို့လားမပြောနိုင်ပါဘူး ကနဦးမူပိုင်ရှင် စတာလင်သာ လောကမှာ မရှိတော့တာ သူ့ ရဲ့ ကြက်တွေနဲ့ သူ့ ကြက်ဇာတ်လမ်းကတော့ နေရာတော်တော်များများမှာတွေ့နေရတုန်းပဲ။

သူရဲ့ ကြက်တွေကို ကိုယ်သနားတယ်။ တမွေး မကျန် သွေးထွက်တဲ့ထိအောင် အရှင်လတ်လတ် အနုတ်ခံခဲ့ရတယ်။ ဒီကြက်ကတုံးလေးတွေကို ကိုယ်မမြင်ရက်ပါဘူး။ အတောင်တွေ နည်းနည်းပဲနုတ်ခံရတုန်းကတော့ သူတို့ တွေ လွတ်လိုလွတ်ငြား ရုန်းကန်လို့ထွက်ပြေးဖို့ ကြိုးစားကြပါသေးတယ်။ သူသူကိုယ်ကိုယ်ပေါ့။ ရက်စက်ခံရရင် လွတ်အောင်လုပ်မှာပဲ။

အမွေးအတောင်မစုံတဲ့ခါကြတော့ ရာသီဥတုကလည်း ကြမ်းဆိုတော့ မပြေးနိုင်တော့ဘူးနေမှာ။ အားမတန်မာန်လျှော့ရတယ်ဆိုတာဒါမျိုးနေမှာပါ။ သိတ်ချမ်းလာတော့ ဘာမှမလုပ်နိုင်တော့တဲ့ ကြက်ကတုံးလေးက သူ့ ကို တမွေးမကျန်အောင် ရက်ရက်စက်စက်နုတ်ခဲ့တဲ့ စတာလင့်ခြေနှစ်ခြောင်းကြား ၀င်လို့ခစားနေပါရောလား။သူတို့အတွက် အနွေးဆုံး နားခိုရာက ရန်သူ့ ခြေစုံဖြစ်နေတယ်။

စတာလင်သွားလေရာ တကောက်ကောက်လိုက်လို့ကြက်ကတုံးလေးပင်ပန်းနေပြီ။ချမ်းအေးတဲ့ထဲ အစာငတ်ရေငတ် နဲ့ အားပြတ် မူးမေ့ခဲ့တဲ့ ကြက်ကတုံးလေးဟာ သူ့ ကို ရေကြည်တစ်ပေါက်ပေးခဲ့တဲ့ စတာလင်ကို ကယ်တင်ရှင်ထင်သွားတယ်။ ဂျုံစေ့လေး နည်းနည်း ပါရလာတော့ စတာလင်အတွက် အသက်စွန့် နိုင်တဲ့ကြက်ကတုံးလေးဖြစ်သွားပါရောလား။

စတာလင်ကတော့သူ့ ရဲ့သမိုင်းဝင် သရုပ်ပြ ဟောပြောပွဲအတွက် ခုထိ ကျေနပ်နေမှာပါ။ တိုင်းပြည်ကို ဒီလိုအုပ်ချုပ်ရတယ် ရဲဘော်တို့ဆိုပြီးလည်း အားရှိပါးရှိ ပြောခဲ့တာပါပဲ။ ကြက်ကတုံးလေးတွေက စတာလင်ကောင်းကြောင်း တွန်ရင် စတာလင်အတွက် မျိုးဆက်သစ်တွေပွားလို့ စတာလင်ကို ဘုရားလို ကိုးကွယ် နေကြပါရောလား။

stockholm Syndrome ဆိုတာဒါမျိုးလား။ ခုကော ကြက်ကတုံးဘယ်နှစ်ကောင်လောက် stockholm Syndrome ရနေကြပါလိမ့်။
ကြက်ကတုံးလေးတွေကို နည်းပညာသစ်နဲ့ အမွေးတွေ ပြန်စိုက်ပေးရင်ကော။ ဒါမှမဟုတ် သူတို့ တွေအတွက် နွေးထွေးတဲ့ကြက်ခြံနဲ့ ဂျုံခင်းလေးတခု ဖန်တီးပေးနိုင်ခဲ့မယ်ဆိုရင်ကော။

တွေးမိသမျှရေးလိုက်တာပါ။

အယ်ဇီ

www.allmymemo.blogspot.com မှ ကူးယူ ဖော်ပြပါသည်။

Keine Kommentare:

Kommentar veröffentlichen